14.9.11

စာဖွဲ့၍ လွမ်းချင်သည် ( ပုဏ္ဏားကျွန်းဇူးဝေ။ ၁၂၊ ၁၁၊ ၂၀၀၃ )

        
                     အခေါင်းကိုစားကေမင်းဖြစ်တေ၊ အသည်းအမြစ်ကိုစားကေ ကျောက်သံပတ္တမြားထွက်တေဆိုဗျာယ် ရွှေဦးဒေါင်းနောက်ကို လိုက်လာခြင်းလည်းမဟုတ်၊ သူအို၊ သူနာ၊ သူသီ၊ ရဟန်းကိုမြင်၍ သံသရာမဟိသော ဘုံနိဗ္ဗာန်ကို ရှာပုံတော်ဖွင့်လာခြင်းလည်းမဟုတ်၊ သမိုင်းပီးတာဝန်နန့် သူ့ကျွန်မခံလိုသောစိတ်ကြောင့် မိမိအချစ်ဆုံးပြည်၊ အချစ်ဆုံးမြီကို အချစ်ဆုံးလူမျိုးက ပိုင်ဆိုင်ရီးအတွက် မိမိသည်လည်း အချစ်ဆုံးပြည်၊ အချစ်ဆုံးမြီနှင့် ၀ီးရသည်မှာ အင်တန်လောက်ကြာခလီဗျာယ်။
                နှစ်၊ လက်၊ ရက်၊ နာရီတို့သည် ရာသီ၏တိုက်စားမှုအောက်မှာ တဖြည်းဖြည်းကုန်ဆုံးခစွာပိုင် ရပ်နားခွင့်မပြုလုပ်နိုင်သော မိမိအသက်သည်လည်း အနှုတ်မဟိ အပေါင်းနှင့်သာမိတ်ဖြစ်ခရသည်။ ယှပ်ပြီး၊ တိုက်ပြီး ရင်ဆိုင်တိုးခရသော လောကဓံမုန်တိုင်းတချို့သည် နောက်မှာ ၀ီး၍၀ီး၍ကျန်ခပေပြီ။ မျက်နှာမသိုက်ရသိမ့်သောနိန့်များထဲမှာလည်း မိမိကိုထိုးနှက်တိုက်ခိုက်လာမည့် လောကဓံလှိုင်းတို့သည် မဟာဗျူဟာ၊ နည်းဗျူဟာများဆင်၍ ကြိုနိန်ကြပေလိမ္မည်ဟု စိတ်အာရုံမှာခံစားမိပါသည်။
                  လူတို့၏ယဉ်ကျေးမှု၊ အနုပညာ၊ ပစ္စည်းဟူသမျှကို နှစ်တရာပြည့်လျှင် ရှီးဟောင်းပစ္စည်းအဖြစ် သတ်မှတ်ကြသည်ဟု ကြားဖူးပါသည်။ မိမိဘ၀မှာ နှစ်တရာရှီးဟောင်းပစ္စည်းများထက် တန်ဖိုးထားခရသော အရာရို့သည်ကားဟိ၏။ ထိုအခြင်းအရာရို့သည်ကား နှစ်ပေါင်းနှစ်ဆယ်ကျော်မျှသာဟိပါသိသည်။သို့သော်လည်း ရင်မှာတမ်းတမိ၏။ မြတ်နိုး၏။ အောက်မွိ၏။လောကဓံအရိပ်ပင်လယ်ထဲက ကြွင်းကျန်ခသော ရတနာများဟုပင် ဆိုချင်ပါသည်။ နီရောင်တောင်စွယ်ကို မကွယ်မီ ဇာပန်းချီမှ ရီးမမှီသောမြင်ကွင်း၊ ပင်အိုကင်ထွား၊ရွက်နု ရွက်ညှာ၊ မြက်ခင်းများပါမကျန် ခိုတွယ်နိန်သော နှင်းပုလဲများနန့်တတူ မြောက်လီကိုယှူယှိုက် ဆောင်းနီဆာကို ဇိန်ခံလှုံရသော အထိအတွိများ၊ အမင်ထောင်းရေမုန့်သန်းကို နို့ဆီဗူးခွံမှာထည့်ပြီး လရောင်အောက်မှာဇိမ်ခံစားယင်း ကုမုဒြာရွှီကြာပင်ပိုင် ဘ၀င်ခိုက်ခသောညများ၊ ငယ်ဖေါ်မိတ်ဆွီ ချစ်သောမြီမှာ လိုက်တမ်း ပုန်းတမ်းကဇပ်ကတ်တေ ညများ၊ ချစ်သောအမင်၊ ချစ်သောဘာဘာ နှလုံးသားကမြတ်နိုးး ရင်မှာမျှော်ကိုး ငါရှီးခိုး၏။ အော်--ငါလွမ်းစွာပိုင် သူရို့လည်းလွမ်းပါလိမ္မည်။
                      ရွှီသမင်အလိုက်မှားသည်ဟု ခံယူလျှင် ငါရို့အတိတ်သည် ဒဏ္ဍာရီ လွမ်းလောက်စရာမဟိပါ။ စေတနာမဟိလျှင် ဝေဒနာအဖြစ်ခံစားနိန်စရာမလို။ အဂုဒေါခါ စေတနာသည် ဝေဒနာနန့်အဖေါ်ညှိလီပြီ၊ မတတ်နိုင်ပါ။ ရွာသားညီမှ နွားခွပ်စားရမည့်အရီးမှာ ဘုန်းကြီးကျောင်းလေးကျောင်းကိုးကွယ်ကတ်တေ ဒေရွာသားတိ၏အဖြစ်က အာသီသကို အိမ်မက်နန့်ဖြေကြရစွာပါ။ တရွာတည်းသား သူသူငါငါ ညီညွတ်ချင်ကတ်ကေလည်း ကျောင်းလေးကျောင်းမှ ဘုန်းကြီးတိ၏ အားပြိုင်မှုတိကြား၊ ၀ါဒမှိုင်းတိကြားမှာ ကြောင်သူတော်ရန်မလွတ်တေ ကြွက်ရွီချေတိအဖြစ်ပါရာ။ မညီမညာနန့် အလဲလဲအပြိုပြိုချီတက်ရေလမ်းမှာ ကျဆုံးသူကျဆုံး၊ လမ်းပျောက်သူလမ်းပျောက်၊ ဘေးထိုင်သူ၊ ကြားနိန်သူ၊ စေတနာကွယ်ပျောက်၊ စံရီဖွေဖြစ်သူများလည်းဟိကြ၏။ ယေကေလေ့ ငါရို့ကဒေါခါ ဆက်လက်ချီတက်လားမေလေ။ သူ့ကျွန်မခံချင်သောကြောင့် အများညီလို့ ဤကိုကျွဲဖတ်သောအချိန်ထိပါဗျာယ်ယေ။ ယေကေလေ့ တခါတခါ ညှာတံကကြွီကျလာသော ရွက်ဝါချေတရွက်ပိုင် အားငယ်ဝမ်းနည်းမှုတိစွာ ရင်ထဲမှာမကန်အောင် သိမ်းဆည်းခရသည်။
                         အဂင့်ရာ ငါရို့ပြည်စွာလွတ်လပ်သောနိုင်ငံတခုဖြစ်နိန်ကေ ကိုလိုနီပြည် ကိုလိုနီလူမျိုးမဖြစ်ခကေ ငါရို့စွာ တက္ကသိုလ်ကျောင်းတကျောင်းမှာ ပညာဆည်းပူး၍ဟိနိန်လိမ္မည်။ သို့မဟုတ် စီးပွါးရေးသ္မားတယောက်ဆိုကေလေ့ မချမ်းသာကေတောင် ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်မိသားစုနန့် နွီးထွီးလုံခြုံသောဘ၀တခုကို တည်ဆောက်နိုင်လိမ္မည်လို့တော့ ယုံကြည်မိပါသည်။ အဂုဒေါခါ ယင်းပိုင်မဟုတ် မွီးရာပါအခွင့်အရေးတိဆုံးယှုံး လူဖြစ်ရကျိုးလည်းဆုံးယှုံးသောဘ၀ပါ။ ကိုယ့်အတွက်မဖြစ်နိုင်ခကေလေ့ နောက်လာနောက်သားတိအတွက် ဖြစ်ပါစီဆိုသော ဆန္ဒနန့် အသက်ကိုအရင်းနှီးအဖြစ်ထည့်ဝင်ပြီး တော်လှန်ရီးခရီးကြမ်းကို တာထွက်လှမ်းခစွာလည်း မညီမညာစည်းဝါးခတ်သံတိကြားမှာ ပီးဆပ်ချင်သော ခြီလှမ်းတိကလည်း ခြီထိပ်ခတ်ခံနိန်ရပါသည်။
                        ယေကေလေ့ တနိန့်တလံဆိုသောအသိနန့် မရေရာစွာကိုသေချာအောင် စမ်းလျှောက် အယှုံးထဲက အရင်းတခုကိုလိုချင်လို့ ထိုရောက်ဒေရောက် အနိန်မထိုင်သောဘ၀မှာ ထင်ရာစိုင်းမည်ဆိုသော်လည်းမဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအ၀န်း၊ ကိုယ့်နန့်ခံစားချက်တူ ဘ၀တူများဟိသော ချိန်းမိုင်မြို့ကို ရောက်ခပါပြီ၊ ယင်းနိန့်ကတိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်းလပြည့်နိန့်ဖြစ်နိန်သည်။ အကျွန်(AYCC) ရခိုင်လူငယ်ပူးပေါင်းဆောင်ရွက်ရီးကော်မတီရုံးကို ရောက်ခစွာနန့် အထက်ကောင်ကင်ယံမှာ တန်ဆောင်မုန်းလပြည့်ဝန်းကြီးက ကြယ်ပေါင်းစုံဝိုင်းရံပြီး လှချင်တိုင်းလှ ပချင်တိုင်းပလို့ အကျွန့်ကို ပြုံးပြီးကြည့်နိန်ပေပြီ။ ထိုသည်မှ လွှတ်တင်ထားသော မီးပုံးများကလည်း ချိန်းမိုင်ကောင်းကင်ယံကို အလှတန်ဆာဆင်လို့ ဆူညံသောဗြောက်အိုးဖေါက်သံများကြားမှ လင်းခနဲ ယှင်းခနဲ ပေါ်ထွက်လာသော ရောင်စုံမီးပန်းများကလည်း ညကမ္ဘာကိုအလှဝီဆာစီပါသည်။
                             အကျွန်လည်း ရီမိုးချိုး ထ္မင်းစားသောက်ပြီးနောက် ကိုဇော်မိုးအောင်၊ ကိုလင်းအောင်ရို့နန့် တောင်ပြော မြောက်ပြော ပြောနိန်စဉ် အကိုဇော်မိုးအောင်က ချိန်းမိုင်တန်ဆောင်မုန်းလပြည့်ညကို ခံစားကြည့်ရအောင်ဆိုပြီးခေါ်ပါသည်။ အကျွန်လည်း မလားချင်ပါဟု အတန်တန်ငြင်းပြီးမှ နောက်ဆုံးသူနန့်လိုက်ဖြစ်ပါသည်။ တယောက်စက်သီးတစီးစီစီး၍ လားကြသည်။ ချိန်းမိုင် မြို့သူမြို့သားများကလည်း လှီနိန်လှည်းအောင်း မြင်းဇောင်းမကျန် သူသူငါငါ တန်ဆောင်မုန်းလပြည့်ပွဲတော်ကို ဆင်နွှဲသည်ဟုထင်ပါသည်။ အိမ်တိုင်း၊ ခြံတိုင်း၊ လမ်းတိုင်းတွင် ဆီမီးများ၊ မီးအိမ်များ၊ထွန်းညှိထားကြသည်။ ချိန်းမိုင်မြစ်ကမ်းနားတလျှောက်တွင်လည်း လူတိက ကြက်ပျံမကျစည်ကားလျှက် သူရို့၏ရိုးရာထုံးစဉ်အတိုင်း ပန်းဖေါင်ချေတိပြုလုပ်ပြီး ရီမှာမျှိုးကြသည်။ သောက်စားမူးယစ်သူများလည်းဟိ၏။ သို့သော်လည်း ရန်ခဲပြဿနာမဟိပါ၊ ချစ်စရာရိုးရာဓလေ့ပွဲတော်ညည့်မဟုတ်ပါလား။
                           အလားတူ မြို့ထဲကကျုံးရိုးတလျှောက်တွင်လည်း စည်ကားသိုက်မြိုက်နိန်လိမ္မည်။ အကျွန်ရို့မလားဖြစ်ပါ။ တချက်ချေလောက်ကြည့်ပြီး အိမ်ပြန်လာခသည်။ အထူးသဖြင့် အကျွန်ကမလားလို၊ အကျွန်မပျော်ပါ။ အကျွန့်စိတ်အစဉ်မှာ အထက်ကတင်ပြစွာပိုင် နှစ်တရာရှီးဟောင်းပစ္စည်းများထက် မြတ်နိုးခရသောညများဟိပါသည်။ ထိုညည့်များသည် အကျွန့်ရင်မှာ အစဉ်ရှင်သန်နိန်ကြ၏။ ဇာမြို့ဇာရွာ ဇာနိုင်ငံကိုပင်ရောက်ရောက် အကျွန်မမိန့်ပါ။ ကြည့် အဂုပိုင်ညမျိုးဆိုကေ နှင်းတံတိုင်းကလည်းခြုံလွှမ်း၍ဟိပေမည်။ မြောက်လီလည်း ဖြည်းဖြည်းညှင်းညှင်း အီးမြစွာထလို့ အိုမင်းရင့်မှည့်နိန်သော စပါးခင်းများနှင့်အတူ ရိပ်သိမ်းပြီးစ ရိုးပြတ်ကောက်ရိုးခင်းများသည်လည်း ယိမ်းနွှဲ့ကခုန်၍ဟိကြပေမည်။ အကျွန်မဟိသော်လည်း အကျွန်၏ငယ်ပေါင်းမိတ်ဆွေများသည် ထမင်းပေါင်းချက်စား၍ ရိုးရာအစဉ်အလာမပျက် တန်ဆောင်မုန်းလပြည့်ညမှာ ပျော်နိန်ကြပေလိမ္မည်။ တေးသခြင်းများ တကြော်ကြော်အော်ဆိုပြီး ရွာကိုပတ်၍ အုန်းသီးတောင်းသူကတောင်း၊ တန်ဆောင်မုန်းလပြည့်ဝန်းကြီးနားရောက်အောင် မီးပုံးပျံလွတ်တင်သူကတင်၊ သက်ကြီးရွယ်အို လူကြီးသူမများကလည်း ငါးပါးသီလ၊ ယှစ်ပါးသီလများကို ခံယူပြီး ရွာဦးကျောင်းမှာ တရားဘာဝနာပွါးနိန်ကြပေလိမ္မည်။ လှပျိုးဖြူ ရခိုင်သူတိကလည်း လပြည့်ဝန်းနန့်အလှချင်းပြိုင်ပြီး ဆီမီးပူဇော်နိန်ကြပေလိမ္မည်။ ဩော်….အ၀ီးရောက်တေ အကျွန်မလွမ်းဘဲနိန်ဖို့လားယေ။ အတောင်ရာပေါက်ခကေ အကျွန် ဒေည ရွာကိုရောက်နိန်ပါလိမ္မည်။ မျက်လုံးပိတ်ပြီး အသံတိတ်နားထောင်ကြည့်ကေတောင် အာရုံထဲမှာ အုန်းရွက်ရိုက်ခတ်သံ သံစဉ်ချေတိကို ကြားယောင်နိန်မိသည်။ ပြန်ချင်သော်လည်း မပြန်နိုင်သောအဖြစ်က အကျွန်ရွှီသ္မင်အလိုက်မှားခြင်းမဟုတ်ပါ။ သမိုင်းပီးတာဝန်နန့် သူ့ကျွန်မခံချင်သောစိတ်ကြောင့် ၀ီးနိန်ရကေလည်း အဂုပိုင်ညမျိုးဆိုကေ ရခိုင်ရိုးမအနောက်ဘက်ကို စာဖွဲ့လို့လွမ်းချင်ပါသည်။ စာဖွဲ့၍လွမ်းချင်ပါသည်။           

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP