14.9.11

ရခိုင့်လွတ်လပ်ရေးစာစောင် (အမှတ်. ၁၀)

                                        စာတည်းစကား
             --၂၀၀၄-ခုနှစ် နှစ်ဦးပိုင်းတွင် ရခိုင်သမိုင်းစာမျက်နာ၌ သမိုင်းကောင်းတခုကို ရွှီကမျဉ်းဖြင့် ရီးထိုးနိုင်ခဲ့ကြ၍ ဤနှစ်သည် ရခိုင်ရို့အတွက် မင်္ဂလာနှစ်ကောင်းနှစ်မြတ်ဟု သတ်မှတ်ရပေမည်။ ရခိုင်အမျိုးသားကောင်စီ(ANC)၏ အသွင်သဏ္ဍန်ကို မမွီးဖွားခင်(၃-၄)နှစ်လောက်ကပင် ရခိုင်တိုင်းချစ်ပြည်ချစ်များ အိပ်မက်မက်နိန်ခဲ့ကြပြီ။(ANC)ကိုမွီးဖွားနိုင်မည့် ရလာဒ်ကောင်းကို ရဟိခဲ့ကြပြီဟုဆိုရပေမည်။
              သို့သော် (ANC) ကိုမွီးဖွားသန့်စင်လိုက်ရုံဖြင့် အစည်းပြီနိန်သော ရခိုင့်အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ကြပြီဟု မှတ်ယူ၍မရနိုင်သေးပေ။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးတည်ဆောင်ရွက်မည့် အခြီခံပနက်ရိုက်သည့်အဆင့်သာ ဟိပါသေးသည်ဟု ဆိုရပါမည်။ အမျိုးသားစည်လုံးညီညွတ်ရေးသို့ မောင်းနှင်မည့် လှီတစင်းကို နိန်ရာအလိုက်၊ ကဏ္ဍအလိုက်၊ တာဝန်ယူလိုက်ပါကြမည့်သူများကို စနစ်တကျ နိန်ရာချထားလျှက် ဟန်ချက်ညီညီ မောင်းနှင်နိုင်မှသာ အမျိုးသားစည်လုံးညီညွတ်ရေးပန်းတိုင်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ် တယောက်တပေါက် ကိုယ်လိုရာကိုယ်ဆွဲ၊ ကိုယ်လိုချင်ရာကို ကိုယ်မောင်းနှင်နိန်ကြမည်ဆိုလျှင်ကား ပန်းတိုင်နှင့်ဝီးကွာနိန်ကြဦးမည်။
                ရခိုင့်အမျိုးသားကောင်စီ ပေါ်ပေါက်လာသည်နှင့်အညီ အကျိုးတူဘုံလုပ်ငန်းစဉ်များကို ချက်မှတ်ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို ANC တွင်ပါဝင်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် သတ်မှတ်ထားသော စည်းမျဉ်းစည်ကမ်းများကို သဝေမတိမ်းလိုက်နာဆောင်ရွက် အကောင်အထည်ဖေါ်ဖို့ လိုပါသေးသည်။ ပါတီအဖွဲ့အစည်းအချင်းချင်းရို့အကြား ယခင်ကတည်းက အမြစ်တွယ်ဖြစ်ပွါးနိန်ခဲ့ကြသော၊ ဖြစ်ပွါးနိန်သော ပြဿနာများကို(ANC)မှ ကွင်းဆင်းလေ့လာ တိုင်ပင်ဆွေးနွေးလျက် ပြဿနာအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှုဖြင့် တဖွဲ့နှင့်တဖွဲ့ တယောက်နှင့်တယောက်အကြား နားလည်မှု၊ ယုံကြည်မှုကို တည်ဆောက်ကြရဦးမည်။
                နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များမှတဆင့်တက်ကာ တခုတည်းသော အသွင်တမျိုးတည်းသော ရခိုင်ပြည်တပ်မတော်(သို့)ရခိုင့်အမျိုးသားတပ်မတော်တရပ် ပေါ်ပေါက်လာနိုင်စီရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားကြရဦးမည်။ ခိုင်မာသောတပ်မတော်တရပ်ကို တည်ဆောက်နိုင်ရန်အတွက် တပ်မတော်တွင် ဦးစီးဦးဆောင် ပါဝင်လုပ်ဆောင်ကြရမည့် တပ်မတော်၏ ကျောရိုး ထိပ်ပိုင်းခေါင်းဆောင်များသည် မျိုးကောင်း၊ သန်မာ၊ ရင့်ကျက်၊ ခိုင်မာပြီး စည်းကမ်းကို သဝေမတိမ်းလိုက်နာသူများဖြစ်ဖို့ လိုအပ်သည်။ သို့မှသာ နောက်လိုက်တပ်မှူး၊ ရဲဘော်ရဲဘက်များကို လိုအပ်သလိုပုံသွင်းနိုင်မည်ဖြစ်ပြီး ခိုင်မာသော စည်းကမ်းစနစ်ကျသော ပြည်သူက လေးစားအသိအမှတ်ပြုခံရသော ရခိုင့်တပ်မတော်တရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
                  ဒေနိန့်အချိန်အခါသည် နိုင်ငံတကာနိုင်ငံရေးအခြေအနေနှင့် မြန်မာနိုင်ငံရေးအခြေအနေရို့သည် တည်ငြိမ်မှုမဟိဖြစ်နိန်ပါသည်။ ထို့ကြောင့် ရခိုင်ပြည်ဟိ ပြည်သူများကို ကာကွယ်နိုင်မည့် ပြင်ပမှ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးမှုများကို တွန်းလှန်နိုင်မည့် ရခိုင်ရို့၏ ကိုယ်ပိုင်ပြဌါန်းပိုင်ခွင့်ကို အာမခံပီးနိုင်မည့် ရခိုင်ပြည်ကို လုံခြုံမှုပီးနိုင်မည့် တပ်မတော်တရပ်ကို မျိုးချစ်ရခိုင်သားများက ကိုယ်တတ်နိုင်ရာ တထောင့်တနိန်ရာကပါဝင်ပြီး ၀ိုင်းဝန်းတည်ဆောက်ဖို့ အချိန်ကျရောက်နိန်ပြီဖြစ်ပါကြောင်း ရခိုင့်လွတ်လပ်ရေးစာစောင်မှ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
                                                                                                         အေဒီတာ-
                                                                                              ရခိုင့်လွတ်လပ်ရေးစာစောင်။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP