14.9.11

အရိစ္စတိုခရေစီသက်ဝင်ရာ အတွေးအခေါ်များ ( စံကျော်ထွန်း)

                                        ရခိုင်ကဗျာများမှ
                အရိစ္စတိုခရေစီသက်ဝင်ရာ အတွေးအခေါ်များ
                                 ( စံကျော်ထွန်း)
               အရိစ္စတိုကရေစီဟူသည် သုခမီသူတော်ကောင်းမျိုး အုပ်ချုပ်ခြင်းကို ခေါ်ပါသည်။ ရခိုင်ပြည်တွင် ပဒေသရာဇ်မြီသျှင်ခေတ်က ဘုရင်စနစ်နန့် အရိစ္စတိုကရေစီ စနစ်နှစ်ခုထွန်းကားနိန်ကြောင်းကို တွိရပါသည်။ ဤစနစ်နှစ်ခု သဟဇာတဖြစ်နိန်ကတ်ကေ တနည်း ကြောင်းကျိုးဆက် ညီညွတ်နိန်ကတ်ကေ တရားနန့်ဓါး ထက်မြက်နိန်သဖြင့် မဏ္ဍိုင်ဂုဏ်ရောင် ထိန်ပြောင်ထွန်းလင်းခပါသည်။ ရှီးရှီးခေတ်အဆက်ဆက်က ဘုရင်တိုင်းလက်ထက်တွင် ပြည်ထိန်းသုခမီ ပြီးပြုတ်ခသည်မဟိခပါ။ သုခမီကြီးတပါးထွန်းလင်းကေ မင်းဆက်သုံးလေးငါးဆက် ထိန်းကွပ်လားကပ်ပါသည် ပြည်ထိန်းသုခမီ အာဏာလုသည်ဟူ၍ မဟိခပါ။ မင်းမကောင်းကေ မူးမတ်ပြည်သူညီညွတ်၍ မင်းသစ်မြှေက်ကတ်သည်ချဉ်းဖြစ်ပါသည်။ မင်းအားနည်းလွန်းမှရာ အမတ်ရို့ အာဏာသိမ်းးကတ်ပါသည်။ သို့သော်လည်း သုခမီပြည်ထိန်းအမတ်ကြီးကို မထိပါးကတ်ပါ။
                  ရခိုင်သမိုင်းတွင် သုခမီအုပ်ထိန်းရီးစနစ် ဇာလောက်ထွန်းကားခသနည်းဆိုသည်ကို ပေါ်ထွန်းခသည့် သုခမီအကျော်အမော်များကို လိလာကြည့်က သိသာနိုင်ပါသည်။
                သီရိရာဇာမင်းလက်ထက် (ဘီစီ ၆၀၈-၅၇၈) မင်းတုန်းစား ၀ိမလအမတ်ကြီး၊ ပြောင်းပြာစား ဇေယျကျော်ထင်အမတ်ကြီး၊ စန္ဒသူရိယမင်းလက်ထက်၊ (ဘီစီ ၅၇၈-၅၂၆) တောင်ကုတ်စား ဓမ္မဇေယျအမတ်ကြီး၊ သူရိယကေတုမင်းလက်ထက်၊ (အေဒီ ၂၇၃-၅၂၆) သောင်းတိစား ဥတ္တမသီရိကျော်အမတ်ကြီး၊ စူဠစန္ဒြားမင်းလက်ထက်၊ (အေဒီ၇၃၃-၇၆၉) စစ်တကောင်းစား ၀ိဓူရအမတ်ကြီး၊ ဒသရာဇာမင်းလက်ထက်၊(အေဒီ၁၁၂၃-၁၁၃၉) က၀ိကျော်အမတ်ကြီး၊ ငနလုံမင်းလက်ထက်၊(အေဒီ၁၂၄၆-၁၂၅၀) ၀ိဇိလအမတ်ကြီး၊ မင်းထီးဘုရင်လက်ထက်၊(အေဒီ၁၂၈၃-၁၃၈၉) စစ်တကောင်စားဝိမလအမတ်ကြီး၊ နရမိတ်လှမင်းလက်ထက်၊ (အေဒီ၁၄၀၄-၁၄၀၆) ၀ိမလအမတ်ကြီး၊ မင်းစောမွန်ကြီးလက်ထက်၊ (အေဒီ၁၄၂၉-၁၄၃၀-၁၄၃၃) လေးမြို့စား က၀ိကျော်အမတ်ကြီး၊ မင်းဘာဘုရင်လက်ထက်၊(အေဒီ၁၅၃၁-၁၅၅၃) စစ်တကောင်းစား မဟာပညာကျော်အမတ်ကြီး၊ မင်းရာဇာကြီးလက်ထက်၊ (အေဒီ၁၅၉၃-၁၆၁၂) ပညာဝံသအမတ်ကြီး၊ နရပတိကြီးလက်ထက်၊ (အေဒီ၁၆၂၂-၁၆၃၈) ပြည်စိုးကြီး ဓမ္မဇေယျ၊ ကျောင်းထိုင်ဆရာတော်ကြီး တကျိတ်နှစ်ပါး၊ စန္ဒ၀ိဇယျမင်းလက်ထက်၊ (အေဒီ၁၇၀၉-၁၇၃၁) ကိုယ်ရံကြီးအမတ်(ခင်ညို) နရဘယရာဇာမင်းလက်ထက်၊(အေဒီ၁၇၄၂-၁၇၆၁) အမတ်ကြီး ကောင်းကျော်ထင်စား (မြကျော်ဦး)၊ စန္ဒပရမရာဇာမင်းလက်ထက် (အေဒီ၁၇၆၁-၁၇၆၄) စိုင်းတင်စားအမတ်ကြီး (ရွှေသဲ)၊ စန္ဒ၀ိမလမင်းလက်ထက် (အေဒီ၁၇၇၇) အမတ်တော်ဓါးပိုင်ကြီး စိန်တင်မြို့စား သီရိမလ္လာဒေ၀ီ (မိပန်းရံ) စသည်အားဖြင့် ရခိုင်သမိုင်းတလျှောက်တွင် သုခမိန်အမတ်တော်များ ပေါ်ပေါက်ခကတ်ပါသည်။ အမတ်တော်ရို့၏ အဆက်အနွယ်မှာ မဟာပညာကျော်အမတ်ကြီး၏ အထက်အောက် အဆက်အနွယ်များဖြစ်ကြောင်း လိလာသိဟိရပါသည်။ စန္ဒပရမရာဇာက အမတ်ကြီးရွှေသဲအား မိန့်ကြားရာတွင် မဟာပညာကျော်ရို့၏ အစူအစဉ်မှာ၊ အဘိရာဇာ၊ ကံရာဇာကြီးရို့ အနွယ်ဖြစ်ကြောင်း ပါဟိပါသည်။ ဤအချက်ကို ထောက်ဆကြည့်ပါကေ ရှီးရှီးခေတ်က ရခိုင်မင်းမျိုးနွယ် တခုထဲမှ အုပ်ချုပ်ရီးနှင့် အုပ်ထိန်းရီးကို တာဝန်ခွဲဝေကာ စီမံခကြောင်း၊ တရားနန့် အားကို စနစ်တကျချကာ မဏ္ဍိုင်ဂုဏ်ကို အမြင့်မားဆုံးမြှင့်တင်ခကြောင်း သိသာရပါသည်။
                     ရခိုင်သမိုင်းတလျှောက်တွင် ဘုရင်က တိုင်းပြည်ကိုအုပ်ချုပ်ပါသည်။ ပညာဟိက အုပ်ထိန်းပါသည်။ သံဃာတော်က နာယကအဖြစ် ကြီးမှူးပါသည်။ တောင်ငူမင်းတရားကြီးချီလကြောင်း သတင်းစကားနန့် ပတ်သက်၍ မဟာပညာကျော် အမတ်ကြီးက မင်းဘာဘုရင်အား လျှောက်တင်သောအခါလှီင်္တိုင်ကို ကြိုးထိန်းပါသည်၊ ပြည်မကို အမတ်ကြီးထိန်းပါသည်ဟု ပါသည်ကိုထောက်ဆ၍ ဤအဆိုထင်ရှားမှန်ကန်ကြောင်း သိရပါသည်။ တဖန် မြန်မာတောင်ငူအမတ်ကြီး ကျော်ထင်နော်ရထာအား ရခိုင်အမတ်ပြည်စိုးကြီး ဓမ္မဇေယျကပြောသောစကား၌ အကျင့်မဟိ အမျိုးမစောင့်သော မင်းယုတ်သည် အကယ်၍စိုးမိုးအံ့၊ ထိုမင်းအား အမတ်ကောင်းတို့သည် မမှားမယွင်းစီရာ၊ အသက်မငဲ့ လျှောက်တင်မြဲဖြစ်သည်။ မင်းနှင့် အမတ်တို့စုံလျက် ဆိုးသွမ်းလတ်သော် သံဃာတော်တော်တို့ ကျိုးကြောင်းပြသ ဆုံးမရမြဲဖြစ်သည်ဟုပါဟိပါသည်။ ဤသည်ကိုထောက်ဆကြည့်ကေ ယင်းအဆိုပိုမိုထင်ရှားကြောင်း သိရပါသည်။
                 ရှီးရခိုင်ကျမ်းဂန်ဟောင်းတွင်လည်းရီမြီဦးခိုင်၊ နိုင်ငံပိုင်မှု၊ တိမ်းယိုင်ဟိလမ်း၊ အကျင့်သွမ်းသော်၊ မင်းကျွမ်းဝင်ဘိ၊ မတ်က၀ိတို့၊ နှိုင်းညှိကုန်ငြား၊ မင်းပါးလျှောက်သင့်၊ ကြီးမြင့်ဂုဏ်သျှင်၊ နားမ၀င်၍၊ မင်းပင်ကျင့်ရာ၊ တူစွာစရိုက်၊ မင်းလိုလိုက်၍၊ မတ်မိုက်နှင့်မင်း၊ သင်းပင်းညှိစွ၊ ပြုပြင်ကြမူ၊ဓမ္မသဘင်၊ မင်္ဂလာကျော်၊ သံဃာတော်တို့၊ အတော်တ၀၊ ရှီးကမင်းပေါင်း၊ မူးမတ်ကောင်းတို့၊ မစောင်းတည့်မတ်၊ ကျင့်ဝတ်ကျမ်းဂန်၊မလွန်မယုတ်၊ ဖော်ထုတ်ပြသ၊ ဆုံးမထုံးစံ၊ လှူခံသူမြတ်၊ ရဟန်းဝတ်နှင့်၊ လျောက်ပတ်သင့်စွာ၊ ပြောဆိုရာသည်၊ စဉ်လာနိဂုံး၊ ရှီးကျင့်ထုံးဟု ပါဟိပါသည်။ ဤကျမ်းထွက်စကားမှာ ယင်းအဆိုကို တိုက်ရိုက်ဖော်ညွှန်းပြီးသော အမြစ်အနှစ်ပင်ဖြစ်ပါသည်။
                 ပညာဟိသုခမိန်ဟူသည်ကို ရခိုင်ရို့က ကျမ်းကန်တတ်ကျွမ်းရုံနှင့် လုံလောက်သည်ဟု မယူဆကတ်ပါ။ ကိုယ်ကျင့်တရားကောင်းနှင့် ပြည့်စုံဖို့လည်းလိုပါသိသည်။ အဘယမဟာရာဇာမင်းအား စိန်တင်စားအမတ်ကြီး ရွှေသဲလျှောက်ထုံး၌အသျှင်မင်းမြတ် လူမိုက်တို့သည် ပိဋကတ်ဗေဒင်ကို သင်၍တတ်စီကာမူ  ပညာဟိသူတော်ကောင်းစသော အမြင့်အနိမ့်၊ အယုတ်အမြတ် အနာဂတ်ကို ဆုံးဖြတ်နိုင်သည်မဟုတ်ပါ။ အတတ်ပညာကြောင့် ယင်းတို့နစ်လီရာသည်ဟု ပါဟိချက်ကို လိလာကြည့်ပါက ရခိုင်ပြည်ထိန်း သုခမိန်အကျော်အမော်ရို့မှာ သာမန်ပညာတတ်များမဟုတ်ဘဲ ပညာဟိစစ်စစ်များဖြစ်ကတ်ကြောင်း သိသာနိုင်ပါသည်။ အထက်ကအမတ်ပြည်စိုးကြီး ဓမ္မဇေယျစကားကို ထောက်ချင့်ကလည်း ပြည်အတွက် အသက်ကိုမငဲ့တတ်သော အာဇာနည်ပညာဟိများပင် ဖြစ်ကတ်ကြောင်းကို သိသာရပါသည်။
                      ဘုရင်ဟူသည်မှာလည်း လက်ရုံးမာနကို မထောက်ထားရ။ ယင်းခေတ်ကအားသည် တရားမဟုတ်၊ တရားသည်အားဖြစ်သည်။ တရားမဲ့စွာ အားစကားပြောသူကို လူယုတ် လူမိုက်ဟု မော်ကွန်းထိုးခကတ်ပါသည်။ သို့သော် ရခိုင်ဘုရင်ရို့ကား အားကိုစု၍ တရားနန့်ထိန်းကတ်ပါသည်။ အားဟိသော်လည်း အားကိုဦးစားမပီး၊ အားနန့်သူတထူးကို အနိုင်မခံတတ်၊ သူရန်လိုကလည်း အားနန့်တွန်းလှန် မောင်းထုတ်လိုက်ကတ်သည်သာများသည်။ မင်းဗာဘုရင်ကြီးက မြန်မာအမတ် ကျော်ထင်နော်ရထာအား မိန့်ကြားချက်ကိုကြည့်ပါ။ရီမဟိသောကန်၊ အဆန်မဟိသောစပါး၊ တရားမဟိသောမင်းမျိုး၊ ဆိုးကောင်းမသိသောမီး၊ ခရီးရောက်ရာလား၍ ကြွက်ကိုစားသည့်မြွီ၊ ဤသတ္တ၀ါငါးဦးတို့သည် ပဉ္စဘုတ်၊ သူတော်ကောင်းတို့ မှီရန်မအပ်၊ အကျိုး အပြစ်ကိုလည်းမသိ၊ ထိုသတ္တ၀ါဟိရာ အရပ်ဒေသ၌ အရှည်မထွန်းလင်းနိုင်ရာ၊ ရန်သူမျိုးငါးပါးနှင့် ဆက်ဆံရများလီသည်ပင်၊ အကိုရို့တောင်ငူမင်းလည်း လက်ရုံးမာန အားကိုးလွန်းသည်၊ ပညာဟိနန့် နီးကပ်ပါစီဦးဟု မိန့်ထားပါသည်။ မြောက်ဦးခေတ် ရခိုင်နိုင်ငံကြီးကို ထူထောင်ခသော မင်းဗာဘုရင် ကိုယ်တော်တိုင်က လက်ရုံးမာနကို ရှုတ်ချထားကြောင်း တွိနိုင်ပါသည်။ တိုင်းပြည်ကို အစိုးရသောမင်းဟူသည် လက်ရုံးရည်မာနထောင်လွှားလို့မရ၊ နှလုံးရည်ပြည့်ဝဖို့လိုကြောင်းကို ရည်ညွှန်း၍ မိန့်ထားချက်ပင်ဖြစ်ပါသည်။
                     တဖန်မဟာပညာကျော်က မြန်မာဘုရင် တပင်ရွှေထီးအား လျှောက်ထားချက်ကိုကြည့်ပါ။ အသျှင်မင်းမြတ်၊ လက်ရုံးရည်အားကို အလိုဟိသောမင်းသည် ရန်ပို၍ ထိုပြည်သူတို့သည်လည်း လက်ရုံးမာနအားကြီးခြင်းကြောင့် စည်းစိမ်မရှည်၊ ရန်သူငါးပါး ဆက်ဆံများလေသည်။ နှလုံးအားကိုး အလိုဟိသောတိုင်းပြည်၌ မင်းတို့၏ပြည်သူသည် အပူသောက ကင်းခြင်းကြောင့် မိဘသားမြီးစဉ်လာ သပြာတောင်းတင်းမကုန် ဆက်ဆံခံစားလျှက် မပျက်စဉ်ထွန်း၍ ဘုရားစသော သူတော်ကောင်းတို့ အချီးအမွမ်းကို ခံရကြောင်းနှင့် ပညာဟိများမှာထားတော်မူပါသည်။ ဤအချက်ရို့ကိုကြည့်ပါကေ ရှီးရခိုင်မြီသျှင် ပဒေသရာဇ်ခေတ်က လက်ရုံးရည်နှလုံးရည် နှစ်ပါးတွင် လက်ရုံးမာနထောင်လွှားခြင်းကို ပယ်၍ အားနန့်တရား(၀ါ)လက်ရုံးရည်၊ နှလုံးရည်မျှတမှုကို အဓိကထားကြောင်း သိသာနိုင်ပါသည်။
                  အမတ်သံကိုင်နောင်ကို သံတွဲမြို့စားခန့်အပ်ဖို့ကိစ္စနန့်ပတ်သက်၍ မဟာပညာကျော်က မင်းဖလောင်းကြီးအား လျှောက်ထားချက်၌နှလုံးရည်ဟိသော သူ၌ လက်ရုံးရည်မှာ အလွန်ဟိအောင်ပြုနိုင်ကြောင်းဟု၎င်းလက်ရုံးရည်မှာ လူမိုက်အတတ် နှလုံး၏ အစီကျွန်သာဖြစ်ပါသည်။ နှလုံးရည်ဟိသောသူအား အမှုအပေါင်းကြီးကုန်ပါသည်ဟု၎င်းပါဟိပါသည်။
                   ဤအချက်ကိုထောက်ဆကြည့်ကေ ရခိုင်ဘုရင်ရို့သည် လက်ရုံးမာန မလွန်ကဲဘဲ နှလုံးရည်ပညာသျှင် သုခမိန်ရို့နန့်လက်တွဲကာ ပြည်ကိုအုပ်ချုပ်ကြောင်း၊ သံဃာတော်ရို့ကို အမှူးထားကြောင်း ကောင်းစွာသိဟိနိုင်ပါသည်။လက်ရုံးနှလုံးကို မယုတ်မလွန်စီဘဲ ပြည်ကြီးဝန်ကို ထမ်းဆောင်ကြောင်းကို သီဟိုဠ်မင်း၏ ရွှီပီသ၀ဏ်စာနန့် ပတ်သက်၍ မင်းဖလောင်းကြီးအား မဟာပညာကျော်အမတ်ကြီး လျှောက်တင်ချက်တွင် တွိရပါသည်။အသျှင်မင်းမြတ်၊ ရှီးပညာရှိစကား ထုံးပုံရပ်အဆို၌ မီးလွန်သော်သျှစ်သည်၊ ရီလွန်သော် ပျစ်သည်၊ ရာဇာပျို့တွင်လည်း ပြည်ကြီးဝန်ကို အိုးတန်ဆန်ခတ်၊ မင်းကျင့်ဝတ်နှင့်၊ လျောက်ပတ်သင့်စွာ၊ စီရင်ရာသည်ဟု ပါဟိပါကြောင်းဆိုထားပါသည်။
                    ရခိုင်ပြည်တွင် မြီသျှင်ပဒေသရာဇ်စနစ် ထွန်းကားစဉ်ကာလက လေးမြို့ခေတ် (အေဒီ၈၁၈-၁၄၀၆) မြောက်ဦးခေတ်(အေဒီ၁၄၃၀-၁၇၈၄) ဘုရင်၏အမိန့်မှာတမ်းများကိုပင်ကြည့်ကြည့်၊ ပြည်ထိန်းသုခမီရို့၏ လျှောက်ထုံးများကိုပင်ကြည့်ကြည့် တရားမဲ့ဓားမဲ့ သက်ဦးဆံပိုင်စနစ် မထွန်းကားကြောင်းကို သိရပါသည်။
                    လောင်းကြက်မြို့တော်သျှင် မင်းထီးဘုရင်ကြီး၏ မုဒ္ဓါဘိသိက် အမိန့်မှာတမ်းတွင်မင်းသားမင်းဆွီ မူးမတ်တို့မှာလည်း လူ့အသက်ကိုမပိုင်၊ ဆင်းရဲသားတို့ကို အသက်ဆုံးအောင် မသတ်မညှစ်စီနှင့်၊ မင်းသားမင်းဆွီ မူးမတ်တို့ ပြည်သူအသက်ကို အသီသတ်လျင် အဆောင်အရွက် အရာအထူး စားကျေးမြို့ရွာကိုသိမ်း၊ မင်းသားမင်းဆွီဖြစ်လျင် မရိတ်ချောင်းဖျား မြုံတို့အရပ်ကိုပို့၊ မြို့စားမူးမတ်လွန်လျင် မာန်အောင်သို့ပို့၊ သံတွဲစား၊ မင်းတုံးစာ၊ သီလစား၊ ဒါကာစား ငါးယောက်မှာ ရှီးမင်းတို့ လူ့အသက်ကိုအပ်ကြောင်း ထုံးစံဟိသည်အတိုင်း သီပြစ်သီဒဏ်ရောက်သူဖြစ်လျှင် ထွက်ချက်မီးချက်ကို တင်ပြလျှောက်ထား၍စီရင်စီဟု ပါဟိပါသဖြင့် တရားလက်လွတ် လူ့အသက်ကို မပိုင်ကြောင်း၊ သီပြစ်သီဒဏ်ကိုပင် စစ်ကြောမီးမြန်းပြီးမှရာ စီရင်ထုံးဟိကြောင်း တွိရပါသည်။
                   တစ်ဖန်တုံလည်း မင်းကြည်းနှင့် အမတ်သွမ်းတို့ အုပ်ချုပ်ပြွမ်း၍ ပြည်သူပင်ပမ်းကြောင်းကို စစ်တကောင်းမြို့စား မဟာဇေယသိန်ဘွဲ့ခံ ပြည်ထိန်းအမတ်ကြီး ပညာဝံသက မင်းရာဇာကြီးအား လျှောက်တင်သောထုံး၌ တွိရပြန်ပါသည်။ ထို့ပြင် ယင်းမင်းဆိုး အမတ်ဆိုးရို့မှာ ပုဂ္ဂိုလ်သုညများဖြစ်ကတ်သဖြင့် သူရို့ထုံးကို မသုံးစွဲအပ်ကြောင်း၊ ပယ်ဖျက်အပ်ကြောင်းကိုလည်း တင်လျှောက်ထားပါသည်။
                သူတထူးကို ဖျက်စီးတတ်သော သုညမင်းတို့သည် ကိုယ့်အသက်စည်းစိမ်ကိုသာ စုံမက်၍ သူတပါးအား သနားခြင်းကင်းသောကြောင့် ရက်ရောလီသည်။ ထိုသူတို့သည် မှန်သောတရားကိုမသိ၊ မှားသောအမှုကိုသာလိလာ၍ ထိုမင်းတို့ထံလည်း ပညာဟိထွန်းလင်းရိုးမဟူ၊ လက်ရုံးမာန ခက်ထန်ထောင်လွှား သူတပါးကိုဖျက်စီးတတ်သောသူသာလျှင် ထွန်းလင်းရာသည်။ အသျှင်မင်းမြတ်၊ သတ္တ၀ါစလိ တပြည်တမြို့က အကယ်၍ စစ်ပွဲဟိလာမူ ပြည်သျှင်မင်းလည်းလိမ္မာ၊ ပညာဟိအမတ်လည်း စစ်မှူးဖြစ်လတ်မူ သတ္တ၀ါမသီ၊ နှစ်ပြည်မင်းပင် မိတ်ဝင်လီရာသည်။ မင်းအကြမ်းအမတ်သွမ်းကို စစ်မှူးစစ်ကွပ် အပ်ပြန်ကလည်း မိမိကလူ၊ ပြည်ပြည်သားလည်း သီကြီများစွာ၊ တိုင်းတပါးသူလည်း သီကြီများစွာ၊ ချမ်းသာမရ ဟိတတ်ပါသည်။ ယင်းသို့တရားအလွန်ဆိုးသွမ်းသောမင်း၊ အမတ်ရို့လက်ထက် မိမိဆိုးသွမ်းသမျှကို ထုံးပြု၍ထားခဲ့သော အက္ခရာစာပီတို့သည် ထုံးကောင်းမဟုတ်၊ ထုံးဆိုးထုံးသွမ်း၊ သာသနာတော်မှ အပဖြစ်သော သုညမင်းတို့ထုံး၊ ဘုရားစသောသူတော်ကောင်းတို့မကြိုက်၊ သူမိုက်လက်သုံးသာ၊ ထိုစာထိုထုံးတို့ကို မင်းကောင်း အမတ်ကောင်း ပညာဟိတို့ မသင်မကြား မမှတ်၊ ထုံးသက်သီမပြုပါဟုတွိရပါသည်။
                   ထို့ပြင် မင်းရာဇာကြီး၏ အမိန့်တော်မှတ်တမ်းတစောင်တွင်ပြည်သူတို့တရားစကားမှာလည်း--တရားသူကြီးပြည်စိုးတို့ ရှီးထုံးစံအတိုင်း စီရင်စီ၊ ဆိုရန်ဟိသမျှကို အကောက်လာလျှင်လည်း အကောက်ဥာဏ်နှင့်သာဆို၊ အဖြောင့်ရောက်လျှင်လည်း ဖြောင့်မတ်စွာဆို၊ တံစိုးပဏ္ဏာမျက်နှာကြီးငယ်မလိုက်နှင့်၊ ဘုရားသခင်သာသနာတော်ရီး၊ ငါ့အသျှင်ကျေးဇူးသစ္စာ၊ ပြည်သူတို့မျက်နှာကိုသာထောက်ဟူ၍ ပါဟိပါသည်။ တရားဥပဒေကို ဂရုစိုက်ရန်၊ တန်စိုးပဏ္ဏာစားကာ အဆင့်အတန်းမခွဲခြားရန်၊ သာသနာတော် ဘုရင်မင်းမြတ်နှင့် ပြည်သူလူထုကိုသာ တတိုင်းတပြည်လုံးအတွက်သာ အဓိကထားရန်ရို့ကို အမိန့်တော်ဖြင့် ညွှန်ကြားထားကြောင်းကို တွိရပါသည်။
                  တဖန်ရီမြီပိုင်သောမင်းနှင့် အမတ်မတရား တံစိုးပဏ္ဍာခံယူခြင်းစေလီသော် ထိုအရပ်၌ သူခိုးဓားပြ လူဆိုးလူသွမ်းပွါး၍ စစ်မက်စည်လီရာသည်၊ လူဆိုးသူသွမ်းစည်လီသော် အမှုစီရင်ရာမဏ္ဍာပ် စည်လီရာသည်။  မဏ္ဍပ်စည်လီသော် အပျော်အရွှင်သဘင်စည်လီရာသည်။ သဘင်စည်လီသော် အလဇ္ဇီရဟန်းစည်လီရာသည်။ အလဇ္ဇီရဟန်းစည်လီသော် သိုက်ဓာတ်၊ ဓမ္မဗေဒင် အင်းမန္တန် ယတြာမှုစည်လီရာသည်။ သစ်ဓာတ် ဗေဒင်စည်လီသော် ဆီးပီးသမားစည်လီရာသည်။ ဆီးပီးစည်လီသော် လုပ်တိုင်းစည်လီရာသည်။ သတ္တနိကံ ထိုခုနှစ်ပါးသဘောယုတ်စွာ အမှုတို့စည်လီသော် ဘုရားအဆုံးမတော်မတည်၍ ကပ်သုံးပါးရောက်လီရာသည်။ ယင်းသို့သောအကြောင်းနှစ်ပါးကို နှလုံးထားတော်မူပါ တကာတော်မင်းမြတ်ဟူ၍ ကေစာရဂိုဏ်း အရည၀ါသီ အသျှင်ဓမ္မသာမိမထေရ်က မင်းရာဇာကြီးအား မိန့်ကြားတော်မူဖူးသည်။ မင်းနှင့်အမတ်ချွတ်ယွင်းခသော် မကောင်းမှုခုနှစ်ပါး ဖြစ်ထွန်းလာတတ်၍ တိုင်းပြည်ဆုတ်ယုတ်တတ်ကြောင်း အသျှင်မြတ်မိန့်မြွက်ထားခြင်းပင်ဖြစ်ပါသည်။ ဤမိန့်မြွက်ချက်ကား ရဟန်းတော်ရို့ နိုင်ငံရီး၌ ကြီးမှူးကြပုံ သာဓကတခုပင်ဖြစ်ပါသည်။
                   မင်းရာဇာကြီးကား မြောက်ဦးခေတ်၏ ခေါင်းဆောင်တဦးဟု သတ်မှတ်နိုင်လောက်အောင် ပြည့်ကျိုးဆောင်ခသော မင်းကောင်းတပါးဖြစ်ပါသည်။ မင်းရာဇာကြီးသည် မိမိလည်းကောင်းစွာပြည့်ကျိုးဆောင်နိုင်သည်။ နောက်နောင်လာလတ္တံ့သောမင်းရို့အားလည်း မင်းကောင်းဖြစ်နိုင်အောင် သားတော်၊ မြီးတော်မြစ်တော်ရို့ကို ကောင်းစွာပျိုးထောင်ပီးတော်မူသည်။ ယင်းတွင်မက လွန်လီပြီးသောအတိတ်ကာလက မင်းဆိုးကြမ်းရို့ကိုလည်း ရှုတ်ချတော်မူသည်။ မျိုးတော်ဆွီတော်ဟု မဖုံးမဖိ ပွင့်လင်းပြတ်သားစွာ ၀ီဖန်ထောက်ပြ ထားခပါသည်။ရှီးဖြစ်သော နိဇင်္ဂလမင်းလက်ထက် မင်းလက်ယာသူ၊ ရန်မျိုးသူ၊ အမြထူ၊ ပဲဖြူ၊ ငဆက်အို၊ မင်းပတိ၊ ဤခုနှစ်ယောက်မင်းတို့သည် အရိုးအမျိုးမမှန်၍ အယုတ်အလွန်အပြုအကျင့် များလီသည်။ ငါတို့မင်းရို့ကလည်း စန္ဒသူငယ်၊ မင်းဘီလူး၊ ဥဖနာငယ်၊ နရမိတ်လှ မင်းလေးယောက်သည် အမျိုးစောင့်သောအကျင့်မဟိ၊ အပျော်အရွှင်သဘင်မှုသာ လိလာလျှက် အတ္တနောမတ် သူစိတ်ကြိုက်ရာနှင့် ပြုလီ၍ သာသနာတော်နွမ်းရိ၊ ပြည်သူညှိုးငယ်၍ ရာဇသုညဖြစ်လီသည်။ မင်းဆယ့်ငါးဆက်တို့လက်ထက် ထုံးဥပဒေ၊ မူးမတ်အဆောင်အရွက်၊ အမည်အရည် ပီးခဲ့သမျှကို မမှတ်မသား မတွင်စီနှင့်၊ ပီးခဲ့သည့်စာကို စာရှည်ဟိလျှင် ကုန်စင်အောင်သိမ်းဟူ၍ မိန့်တော်မူခသည်။
                    တဖန်မင်းရာဇာကြီး၏ အမိန့်တော်မှာတမ်းကို လိလာကြည့်ခြင်းဖြင့် ပြည်သူတို့ဗုဒ္ဓတရားတော်၌ မွိလျှော်မှုဟိအောင် အပါယ်မှလွတ်ကင်းအောင် ဘုရင်ဦးဆောင်လမ်းပြပီးရကြောင်းသိသာနိုင်ပါသည်။
                     တပြည်တမြို့အစိုးရသောမင်းမူလည်း သာသနာ့ဒါယကာ မဟာဓမ္မရာဇ်မင်းတို့စလိ၊ ပြည်သူတို့ကို အပါယ်လေးပါးမလားစီရ၊ ပြသဆုံးမတော်မူမြဲဖြစ်သည်။ ပြည်သူတို့လည်း ကောင်းသော အလိအကျင့်ကိုသာကြိုက်သင့်သည်၊ ကာယကံသုံးပါး၊ ၀စီကံလေးပါး၊ မနောကံသုံးပါးတို့သည် သီလတိကား ပညာဟိအလိမှန်သည်ဟုမိန့်ဆိုထားတော်မူသည်။
                     ယင်းကြောင်း မြီသျှင်ပဒေသရာဇ်စနစ် လွှမ်းမိုးသော ရှီးခေတ်ရခိုင်လူမှုအဖွဲ့အစည်းတွင် ပြင်းထန်သော သက်ဦးဆန်ပိုင်စနစ် အဆီးအတားမဟိ မထွန်းကားခဟု ဆိုနိုင်ပါသည်။ ဘုရင်အုပ်ချုပ်ရီး၊ သုခမီအုပ်ထိန်းရီး၊ သံဃာကြီးမှူးရီး ချင့်ချိန်ကာ ထွန်းကားခသည်ကိုရာ တွိရပါသည်။ ယင်းဇုကြောင့် ထိုခေတ်က အရစ္စတိုကရေစီထွန်းကားခသည်ဟု ဆိုနိုင်ပါသည်။ ဤအရစ္စတိုကရေစီတွင် ဗုဒ္ဓတရားတော်အနှစ်တည်လျှက် ပါနိန်သည်ကို တွိနိုင်ပါသည်။ အရစ္စတိုကရေစီသည်ပင် ရခိုင်စာပီတလောကလုံးကို လွှမ်းထားသည်ဟု ဆိုနိုင်ပါသည်။ ခြွင်းချက်ကင်းလိမ္မည်ကားမဟုတ်ပါ။
                      -၁၅-ရာစုခေတ်တွင် ရခိုင်-မြန်မာ အချစ်အကြည် မဟာမိတ်ဖြစ်ခပါသည်။ ယင်းအခါက နရနုမင်းကြီးက အင်းဝနရပတိမင်းကြီးအား ပီးပို့သောရာဇသံတွင်က္ကတိပိသာဘဂ၀ါ၊ သွက္ခတာ၊ သုပ္ပဋိပန္နတာစသော ဂုဏ်တော်တရားကိုးပါးနှင့်အညီ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓစသော သာသနာတော်မညှိုးနွှမ်းစီရ မူလသိက္ခာ၊ မင်းသမ္မာတို့၊ ခံရာသော ဘိသိက်တရား၊ ဆယ်ပါးသောမင်းကျင့်၊ ဆယ့်နှစ်ဆင့်သောအင်္ဂါ၊ ကြိယာဒသ၊ သတ္တကြက်သရေ၊ လေးထွေသင်္ဂဟ၊ နိစ္စမြဲစွာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာပိတ်ပေါင်း၊ သူမကောင်းနှင့်၊ ကင်းကြောင်းလုံးလကိုသာ၊ ပညာဗလပြုလျှက် မင်းတို့အား ငါးပါး၌စရိမာဆုတ်ယုတ်တတ်သော လက်ရုံးမာနအားကိုပယ်၍ အနီးအ၀ီးမရွီး ပကတိတရားနှစ်ပါးနှင့် သတ္တ၀ါတို့ကို စောင့်ထိန်းးလျှက် အုပ်ကွပ်စီရင်လိဟိသော မြောက်ဦးရွှေမြို့တော်ကြီးသျှင် ကြားရောက်လိုက်သည်၊ အင်းဝရွှေမြို့တော်သျှင်အကြည်တော် ဟူ၍၎င်း။
                      အလာကောင်းလျက် အပြန်မစောင်းစီရ၊ ကိုယ်ကမကွာ၊ သမ္မာသျှစ်ထပ်၊ စစ်ကွပ်လိမ္မာ၊ ပညာလက်နက်၊ ပိုးပရွက်သို့၊ စစ်တက်လာကြ၊ လောကသူမုန်၊ ရန်သူပုံကို၊ အကုန်သတ်ဖြတ်၊ အခွာတတ်မှ၊ မြတ်ရာသို့ရောက်ရမည်အကြောင်းကို ကြားရောက်လိုက်သည် အကြည်တော်ဟု၎င်း ရီးဖွဲ့ထားပါသည်။
                      ဤရာဇသံစာမှာ မြောက်ဦးဘုရင်တပါး၏ စိတ်ဓာတ်ကို ဖေါ်ပြထားပါသည်။ ဤစာ၏အနှစ်သာရမှာ၊ နှလုံးရည်နှင့် လက်ရုံးရည်ကို ချိန်ထားခြင်းဖြစ်ပါသည်။ နှလုံးရည်မှာ ဗုဒ္ဓ၏အလိုတော်နှင့်ညီသော နှလုံးရည်မျိုးကိုထူထောင်ဖို့ ရည်ညွှန်းထားပါသည်။
                         တဖန်ထုံးဟောင်းနိဒါန်းကျမ်း၌ မင်းတို့သိက္ခာ၊ စောင့်အပ်ရာသည်၊ သာသနာရီး၊ မထွီးရ၊သင်္ဂဟကို၊ နိစ္စပြုပေ၊ များဝေနေအား၊ တရားမှန်ကြောင်း၊ ကောင်းသောလုံးလ၊ အားထုတ်မှတည့်၊ လောဘတဏှာ၊ အ၀ိဇ္ဇာဖြင့်၊ မိစ္ဆာကျင့်ဆိုး၊ စစ်မထိုးအပ်၊ ပညတ်တချက်၊ အိပ်စက်ရုန့်ကြမ်း၊ ပွဲလမ်းပျော်ရွှင်၊ ထွက်ဝင်သွားလား၊ မများစီရာ၊ မှုတကာကို၊ ယုတ္တာယုတ္တိ၊ ဆင်ခြင်ညှိ၍၊ ဇာတိမြောက်များ၊ သူစကားကို၊ ကြားကထိုးထွင်း၊ ချက်ချင်းသိပေ၊ ဆိုတတ်စေသည့်၊ပရမေထူး၊ကျေးဇူးမြတ်လှ၊ မိဘဆရာ၊ သူနာသူမွန်၊ ရီမြီသခင်၊ မင်းမာန်ဝင်၍၊ ပြစ်တင်ကျူးလွန်၊ မင်းဒဏ်အာဏာ၊မပီးရာတည့်၊ ဥာဏ်တကာသားချင်း၊ သင်းပင်းတဖော်၊ ဆွီမျိုးတော်ကို၊ မလျော်နှိပ်စက်၊ ရမ္မက်ဖုံးလွှမ်း၊ မညှင်းပန်းကောင်း၊ တကြောင်းတမူ၊ သူလူကိုယ်သား၊ မမှားဂတိ၊ မငြိစီရာ၊ ဘဏ္ဍာတုပ်ခွန်၊ မလွန်ရှီးမှီး၊ အသီးအပင်၊ သည်တွင်ခံမှု၊ ဆယ်စုတပုံ၊ လုံးစုံပြီးပြီ၊ အစီးအသုံး၊ ပြည်ပခုံးက၊ စသည်ရံပတ်၊ အမတ်တို့မှာ၊ အင်္ဂါသျှစ်ပါး၊ ရည်သွားနက်တိမ်၊ စည်းစိမ်နိမ့်မြင့်၊ ထားသင့်တတ်ငြား၊ ဂုဏ်ကိုးပါးသည်၊ မင်းအားအလုံး၊ စောင့်သည်ထုံးဟု၎င်း။
                 ဇေယျာကြငှန်း၊ စိုးစံမြန်းသည်၊ ရွှေနန်းအသျှင်၊ ဂုဏ်ကိုးအင်မင်းတို့မှာ၊ တရားမစောင်း ထီးဖြူဆောင်းတို့၊ အကြောင်းကြိယာကား၊ သတ္တ၀ါအပေါင်းတို့အား၊ အနီးအ၀ီး၊ မရွီးပညာများကို၊ လက်သုံးဓားပမာ၊ ထက်အောက်သွီး၍၊ ဆိုရီးဟိလတ်ရာလည်း၊ ယုတ္တာယုတ္တိညှိ၊ ဂတိမလိုက်၊ တိမ်တိုက်ချွန်းလွှား၊မိုးကြိုးသွားသို့၊ စကားတည်ကြည်၊ အရှည်ထွန်းလင်းဘိအောင်၊ က၀ိလူသမ္မာ၊ ကြားသော်နှစ်မြို့၊သမ်းမညို့သည်၊ မင်းတို့လက္ခဏာတည့်၊ ရတနာစုံပြည့်ဖြိုး၊ န၀ရဂုဏ်၊ ကိုးပါးခြုံသည်၊ သတိမလွတ်သာတည့်၊ ကျမ်းအမှာသင်္ဂဟ၊ မခွစီလို၊ ဗြဟ္မစိုမူ၊ နှလုံးဖြူ၍၊ အယူတည့်မတ်ရာ၏၊ ဗဟုသုတဆိုသည်မှာ၊ စကားနဂ္ဃီ၊ ကြားတိုင်းသိစီရာ၊ သားမီးပုက္ခာလာသမျှ၊ရွရွပြီးပြီ၊ သူအနီကို၊ ရိပ်ခြီသိတတ်မှတည့်၊ ဥာဏဥာဏ်မဏ္ဍိုင်၊ ဒသဆယ်ချက်၊ ယွင်းမကွက်အောင်၊ ရွှေလက်မြဲစွာကိုင်၍၊ ခရိုင်တိုင်းတပါး၊ စကားနှုတ်ဆက်၊ မေတ္တာယှက်အောင်၊ အမျက်မလွန်၊ ထုံးနည်းညွှန်လျက်၊ မတ်မွန်စိလွှတ်ထားသျှင့်၊မိုက်မမှားအ၀ိဇ္ဇာ၊ မိစ္ဆာဖုံးလွှမ်း၊ မင်းကြမ်းမင်းဆိုး၊ နည်းကိုခိုး၍၊ စစ်ထိုးမပြုရာတည့်၊ လုပ်စားသီးပွင့်မျိုး၊ ဆယ်ဘို့တစ်ဘို့၊ မင်းတို့အခွန်၊ မလွန်ခံစားရိုးက၊ တိုး၍မယူသာ၊ သူလှောင်လျှောက်ထား၊ ကုန်းစကားကြောင့်၊ အမှားမဆိုရာသည်၊ မဟာဓမ္မရာဇ်တို့စောစပ် ဟု၎င်း၊နိုင်ငံရီး၊ အုပ်ချုပ်ရီးအတွက်၊ မင်းတို့ဆောက်တည်ရာ၊ ဂုဏ်ကိုးပါးကိုသီဖွဲ့ထားပါသည်။ အရစ္စတိုကရေစီ သဘောတရား သက်ဝင်သောအဖွဲ့အနွှဲ့များပင်ဖြစ်ပါသည်။
                    ယင်းထုံးဟောင်းနိဒါန်းကျမ်း၌ပင်----ပြည်ကြီးမချာ၊ ရာဇာပ၀ရ၊ နရိန္ဒတို့၊ ပြည်မမှုကွပ်၊ ယုံအပ်သူအား၊ ဂုဏ်သျှစ်ပါးမှာ၊ ပညာဆန်းကြည်၊ ပရိယာယ်လည်း၊ ဆိုဖွယ်မဟိ၊ ကတိမြောက်များ၊ စကားကွိကောက်၊ သူတယောက်လည်း၊ ထွင်းဖေါက်သတတ်၊ တည့်မတ်သစ္စာ၊ ပဏ္ဏာမကြိုက်၊ရင်၌တပါး၊ မခြားမှန်စွာ၊ အာဏာတန်းခိုး၊ မိုးသို့ထစ်ထစ်၊ ပစ်လိမ့်လန့်ကြောက်၊ တယောက်မှုကုံ၊ ပိုက်ချုံတိုင်းရီး၊ မထွီးထင်ပေါ်၊ သျှစ်ရပ်ကျော်၍၊ ပြည်တော်သာဘိ၊ မြတ်က၀ိသည်၊ အသိပြည့်စုံ၊ ဂုဏ်သျှင်ပုံဟု ပြည်ထိန်းပြည်ကွပ်ဖြစ်သော မူးမတ်တို့ဂုဏ်သျှစ်ပါးကို ဖွဲ့ဆိုထားပါသည်။ ပြည်ကိုထိန်းကွပ်ရာတွင် ပညာဟိသုခမိန်ရို့ကျင့်ဆောင်ရမည့်တရားသျှစ်ပါးပင်ဖြစ်ပါသည်။
                    ဤကဲ့သို့သောဂုဏ်နန့် ပြည့်စုံသည့် မင်းနန့်အမတ်ရို့ အညီအညွတ်အုပ်ချုပ်ထိန်းကွပ်ကေ တိုင်းပြည်နိုင်ငံ တည်တန့်ကြောင်းကို ယင်းကျမ်းတွင်ပင်မင်းနန့်အမတ်၊ ညီညွတ်တမူ၊ အကျင့်တူသော်၊ လူလည်းကြည်ညို၊ ပဟိုရ်အောင်ချက်၊ ထီးကနက်လည်း၊ မပျက်စည်ထွန်းဟု သီဖွဲ့ထားပါသည်။
                  အကယ်၍ အကြင်မင်းကြမ်းနန့် အကြင်အမတ်ကြမ်းရို့ရာ တိုင်းပြည်မှာ အာဏာရထားကေ ရန်စစ်ပွါးများ၍ ထိုမင်း ထိုအမတ်ရို့သည် သီခြင်းမလှ သီရမည်ဖြစ်ကြောင်း၊ မင်းသုညသာဖြစ်ကြောင်း၊ ပြည်ဒုက္ခဆင်းရဲရောက်ရကြောင်း၊ မင်းနန့် အမတ်ကောင်းကေ တိုင်းပြည်အီးချမ်းကြောင်းတို့ကို၊ ယင်းထုံးဟောင်းနိဒါန်းကျမ်း၌ ဆိုထားသည်ကား--
                  အမတ်သွမ်းနှင့်၊ မင်းကြမ်းတသွန်၊ မာန်တံခွန်ကို၊ ကဲလွန်စတင်၊ ကိုယ်ရင်ကိုယ်ဝယ်၊ အလမ္ပာယ်သို့၊ အန္တရာယ်ရောက်၊ ပြီးပေါက်လမ်းမှာ၊ သီပျောက်ငြားသည်၊ တရားမရမင်းသုညဟု၎င်း။
                   မင်းလည်းမင်းကြမ်း၊ အမတ်သွမ်းနှင့် အကျွမ်းမိတ်ဝင်၊ သို့တည်းလျှင်မူ၊ ပြည်သူရီပွတ်၊ မင်းတည်းမြတ်က၊ အမတ်ထိုတူ၊ ပြည်သူမညှိုး၊ စစ်ထိုးမဟိ၊ မရိသတ္တ၀ါ၊ ရီစာမယှား၊ ခိုးသားမပေါ်၊ မြင်မြော်သသူ၊ ကြည်ဖြူမြတ်နိုး၊ ရီခမိုးသို့ဟု၎င်း ဖွဲ့ဆိုထားပါသည်။
                   တဖန် ပြည်ကိုအုပ်ချုပ်သောမင်းနှင့် သာသနာတော်ကို စောက်ရှောက်တတ်သော ပြည်ကိုကြီးမှူးတတ်သော ရဟန်းတော်ရို့မှာ ကြီးစွာစောင့်ထိန်းရကြောင်း၊ မင်းမှာဘိသိက်မင်္ဂလာတွင် ခံယူထားသော သစ္စာတရားမြဲမြံရကြောင်း၊ ရဟန်းရို့မှာ သိမ်ဝင်သိက္ခာတရား မြဲမြံရကြောင်းကို အမှာစာတမ်းထုံးတွင်--
                ရဟန်းတို့မှာ၊ကမ္မာဝါတင်၊ သိမ်တင်သိက္ခာ၊ ခမာတရားမြဲရကြောင်း၊ မင်းတို့မှာလည်း၊ ဘိသိက်ခံရာ၊ သမ္မာမင်းမြတ်ကောင်းဟု၎င်း။
                  ရာဇပုံတွင်ရဟန်းသိက္ခာ၊ မင်းမှာဘိသိက်၊ သူတော်စိတ်သည်၊ မဖိတ်ကျင့်ရိုး မြတ်အမျိုးဟု၎င်း သီဖွဲ့ထားပါသည်။
                   သာသနာ့ဝန်ထမ်း ရဟန်းတော်ရို့ကို နိုင်ငံတော်ကြီးမှူးစီရာမှာလည်း အရည်ဝါသီ ဧကစာရဂိုဏ်းဝင်ရဟန်းတော်များရာ ကြီးမှူးရပါသည်။ မြောက်ဦးခေတ် မင်းရာဇာကြီးလက်ထက်မှာ အသျှင်ဓမ္မသာမိမထေရ်မြတ်ကို နိုင်ငံအကြီးအမှူးအဖြစ် ရွီးချယ်ပုံမှာ သာဓကပင်ဖြစ်ပါသည်။ ထို့ပြင် ကိုယ်ကျိုးရှာသော ရဟန်းတော်ကို ဘုရင်ကိုးကွယ်ဆည်းကပ်က ဆရာလည်း ငရဲမီးမှာသျှစ်၍ တကာတော်လည်း အပါယ်ဘုံ၌ နစ်ရဖို့ဖြစ်ကြောင်းကို သေနင်္ဂဗျူဟာကျမ်းတွင်--
                  ကိုယ်ကျိုးကိုရှာ၊ သံဃာတော်အား၊ သဒ္ဓါပွါး၍၊ မင်းများပြည်သျှင်၊ တိုင်းခွင်အုပ်ကွပ်၊ အခွင့်အပ်မူ၊ ရိပွတ်သိက္ခာ၊ ပါယ်လေးရွာ၌၊ ဆရာလည်းသျှစ်၊ တကာလည်းနစ်လိမ့်ဟုဆိုထားပါသည်။
                   ယင်းကြောင့်လည်းမင်းတို့သိက္ခာ၊စောင့်အပ်ရာသည်၊ သာသနာရီး၊ မထွီးစီရဟု ထုံးဟောင်းနိဒါန်းကျမ်း၌ နိုင်ငံရီးနန့် သာသနာရီးကို ပြတ်ပြတ်သားသား ခွဲခြားထားခခြင်းဖြစ်ပါသည်။ ဘုရင်ရို့ဆောက်တည်ရသောဂုဏ်တပါးပင်ဖြစ်ပါသည်။
               ဤသို့အားဖြင့် ရခိုင်စာပီအရပ်ရပ်ကို လိလာသုံးသပ်ဝေဖန်ကြည့်ပါက ဗုဒ္ဓသဘောတရား အနှစ်တည်လျက်ပါသော အရစ္စတိုကရေစီလွှမ်းနိန်ကြောင်းကို တွိရပါသည်။ မင်း၏အားနန့် တရားချိန်ထားပုံ၊ ပြည်ထိန်းအမတ်တော်ရို့ထိန်းကတ်ပုံ၊ သံဃာတော်ရို့ ဗုဒ္ဓအလိုတော်အတိုင်း ပြည်၌အမှုးဆောင်လုပ်ကတ်ပုံရို့မှာ ယင်းခေတ်ယင်းအခါက ကမ္ဘာတခွင်လုံးတွင် အမြင့်ဆုံးစံပင်ဖြစ်နိန်ပါသည်။ ဗုဒ္ဓသာသနာနိုင်ငံများအထဲမှာ ငါရို့ရခိုင်ပြည်လောက် ဇာနိုင်ငံမျှ တရားဓမ္မနန့်ခေတ်အရှည် မအုပ်စိုးနိုင်ခပါ။ သာသနာနန့်မင်း၊ မင်းနန့်ပြည်သူရို့ကိုဂရုဓမ္မပြုကာ အုပ်ချုပ်ရီးချက်မှတ်သော နိုင်ငံကို ယင်းခေတ်တွင် ကမ္ဘာတွင်ရှာကြည့်ပါကေ ငါရို့ရခိုင်ပြည်ကိုရာ တွိရမည်ဖြစ်ပါသည်။
                
                      သစ္စာဖြင့် စံကျော်ထွန်း…။
            [ဒေဆောင်းပါးကို ဆရာစံကျော်ထွန်း ရီးသာပြုစုခရေရခိုင်ကဗျာနှင့် ရခိုင်အတွေးအခေါ်စာတန်းက ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါရေ။ ယင်းစာတမ်းကို စာအုပ်တအုပ်အဖြစ် ထုတ်ဝေလားဖို့ စီစဉ်ဆောင်ရွက်နီကတ်ပါကြောင်းကိုလေ့ အသိပီးအပ်ပါရေ။        ။စာတည်းအဖွဲ့]

             တော်လှန်ရီးတွင် ပါဝင်ဆင်နွှဲနိန်ကြသော ခေါင်းဆောင်များ ရဲဘော်များ၊ တော်လှန်ရီးကို အထောက်အကူပြုနိန်ကြသော တော်လှန်ပြည်သူများ၊ မိမိဝမ်းရေး၊ ပညာရေးတို့အတွက် ရုန်းကန်လှုပ်ယှားနိန်ကြသော ပြည်သူများအနိန်ဖြင့် တရားနန့် အားကိုချိန်တွဲအသုံးချတတ်စီရန် ရည်စူး၍ ဤဆောင်းပါးကို ပြန်လည်ဖေါ်ပြလိုက်ရခြင်းဖြစ်ပါသည်။ ဤဆောင်းပါးကိုရီးသားသော ဆရာစံကျော်ထွန်းမှာ တက္ကသိုလ်ဆရာတယောက်ဖြစ်ပြီး ရခိုင်စာပီ၊ သမိုင်းကို ကျွမ်းကျင်သူတဦးဖြစ်ရုံသာမက ခေတ်သစ်တော်လှန်ရီး သဘောတရားကို ချမှတ်ကာ AIO ရခိုင့်လွတ်လပ်ရီးအဖွဲ့ကို ကချင်တော်လှန်ရီးနီမြီ၌ ဦးဆောင်ဖွဲ့စည်းခဲ့သူတဦးလည်းဖြစ်ပါသည်။ ကချင်ပြည်မှ ရခိုင်ပြည်သို့ ခရီးရှည်ချီတက်ရာ၌ ချင်းပြည်တနီရာတွင် ရန်သူ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံရပြီး တိုင်းပြည်အတွက် အသက်ကိုပီးအပ်ကာ အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တိုင်ကို စိုက်ထူခဲ့သူတဦးလည်းဖြစ်ပါသည်။ ဆရာစံကျော်ထွန်းကွယ်လွန်လားပြီးဖြစ်သော်လည်း ဆရာလုပ်ဆောင်ခဲ့သော လုပ်ရပ်များသည် ရခိုင်သမိုင်း၌ မှတ်တမ်းကျန်ရစ်ခဲ့မည်ဖြစ်ပြီး ဆရာ၏ခေတ်မှီသော တော်လှန်ရီး အတွေးအခေါ်များသည် ရခိုင်မျိုးချစ်များရင်ထဲတွင် ဆက်လက်ကိန်းအောင်းလျက် ရခိုင်နိုင်ငံတော်ကို ပြန်လည်ထူထောင်နိုင်သည်အထိ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း အလီးအနက် ယုံကြည်အပ်ပါသည်။

          --တော်လှန်ရီးသစ္စာဖြင့်…
                  အေဒီတာ
          ရခိုင့်ရွတ်လပ်ရေးစာစောင်။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP